Wednesday, April 4, 2012

Posted by manphosan | File under :
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးရန်အတွက် ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ ဗုဒ္ဓဟူးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စတင်ထွက်ခွါသွားကြပြီ ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေ အတွင်းရေးမှူး နော်ဇီပိုးရာစိန် ခေါင်းဆောင်ပြီး ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၁၁ ရက်နေ့အထိ ဖားအံ၊ ရန်ကုန်နှင့် ပဲခူးမြို့များတွင် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု KNU က သတင်းထုတ်ပြန်သည်။

ယခုတကြိမ်တွင် အစိုးရနှင့်အပြင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ
နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ကရင်လူမှုအဖွဲ့အစည်းများ၊ ပါတီများနှင့်လည်း ဆွေးနွေးသွားမည်ဟုဆိုသည်။

အစိုးရနှင့်ဆွေးနွေးရာတွင် KNU နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးကိစ္စများအား အသေးစိတ် ဆွေးနွေးသွား မည် ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက်လည်း ဆွေးနွေးသွားမည်ဟုဆိုသည်။

တနင်္သာရီတိုင်းမှ ထားဝယ်နှင့် ပဲခူးတိုင်းမှ ကျောက်ကြီးနှင့် မဒေါက်မြို့များသို့ KNU နှင့် အစိုးရကိုယ်စားလှယ်များ အတူသွားရောက်ကာ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးရုံးများ ဖွင့်လှစ်ထားရှိမှုနှင့် ပဋိပက္ခဒဏ်ခံရသည့် ထိုဒေသများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံမည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

0 comments:

Post a Comment