Published on April 7, 2012 by ဒီဗွီဘီ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးမှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ကေအန်ယူအဖွဲ့ဝင် ၁၉ ယောက်ဟာ ဒီကနေ့ သမ္မတနဲ့တွေ့ဆုံဖို့ နေပြည်တော်ကို လေကြောင်းခရီးနဲ့ သွားရောက်ပါတယ်။
ဒါဟာ သမ္မတအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်တယ်လို့ အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြောပါတယ်။
သမ္မတဦးသိန်းစိန်က လွှတ်တော်မှာ ပါဝင်လာနိုင်ရေးအတွက် နောက်လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီတခု အနေနဲ့ ဖွဲ့စည်းဖို့၊ ကိုယ့်ရဲ့ ကရင်ပြည်နယ်ဒေသတွေကို စောင့်ရှောက် အုပ်ချုပ်ရာမှာ ပါဝင်နိုင်မယ့် နည်းလမ်းတခုအနေနဲ့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
သမ္မတက မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားအုပ်စုတွေအားလုံးနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ သဘောထား အစစ်အမှန် ရှိပါတယ်လို့ ပြောကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရကိုယ်စားလှယ်တဦးက ပြောပါတယ်။
ကေအန်ယူအဖွဲ့ဟာ ရန်ကုန်ကို ပြန်ရောက်ရှိလာပြီး တနဂင်နွေနေ့မှာ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ သောကြာနေ့တုန်းက ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကေအန်ယူအဖွဲ့တို့ ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

0 comments:
Post a Comment