Friday, April 6, 2012

Posted by manphosan | File under :
ဧပြီလ ၆ရက်နေ့။ ၂၀၁၂ခုနှစ်။ ကေအိုင်စီ အယ်ဒီတာချုပ် နော်ဖောဂေက တိုက်ရိုက် သတင်းပေးပို့ထားသည်။



ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် မြန်မာအစိုးရကိုယ်စား လှယ်များသည် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက် ၉နာရီခန့်အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ၀န်ကြီးများဖြစ်ကြသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှု (၁)ဝန်ကြီး ဦးကျော်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း၊ လျှပ်စစ်(၂)ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ပြည်ထောင်စုအဆင့် ဒုနယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ တပ်မတော် (ကက)ကြီးမှ ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးကိုကိုမောင်၊ ဦးငွေစိုးနှင့် ဦးဆန်နီညွန့်သိန်းတို့ ပါဝင်သည်။

ကေအဲန်ယူဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောအားတိုး၊ ပဒိုစောတာဒိုမူး၊ နော်ဘလူးမေးနိုက်ဇံ၊ ဗိုလ်မှူးကြီး စောမိုးဖြူ၊ ဗိုလ်မှူးရောဂျာခင်၊ ဗိုလ်မှူး ထူးထူးလေး၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒိုစောအောင်ဝင်ရွှေ၊ နော်မေဦး၊ ပဒိုသောသီဘွဲတို့ ပါဝင်ဆွေးနွေးခဲ့သည်။

ယနေ့မနက် ၉နာရီမှ ၁၂နာရီအထိ ဆွေးနွေးခဲ့ကြသည်မှာ
၁။ ပြည်တွင်း ကရင်လူထုများ၏ အခြေအနေများဖြစ်ကြသည့် နေထိုင်ရေး၊ လုံခြုံရေးနှင့် စားဝတ်နေရေးကိစ၊
၂။ ပြည်တွင်း ဒုကသည် (အိုင်ဒီပီ)အခြေအနေ၊
၃။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုကိစ၊
၎။ အတင်းအဓမ လုပ်အားခိုင်းစေမှုကိစ၊
၅။ ပြည်တွင်း ဖွဲ့ဖြိုးရေး လုပ်ဆောင်ရာမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)အဖွဲ့များ၏ အရေးပါမှုကိစများ၊
၆။ အကျဉ်းသားကိစများနှင့်
၇။ မြေယာ သိမ်းဆည်းမှုကိစများကို ဆွေးနွးခဲ့ကြသည်။
ထိုဆွေးနွေးချက်များအပေါ် အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်းက နိုင်ငံတော် အစိုးရအနေဖြင့် အိုင်ဒီပီကိစ္စများကို အရင်ဆုံး ဦးစားပေးလုပ်ဆောင်ဖို့ သဘောထားရှိကြောင်း။ ဘာကြောင့်လဲဆိုတော့ အိုင်ဒီပီသည် ဒုက္ခသည်နှင့်မတူပဲ နေစရာ၊ စားစရာ အခက်အခဲရှိသည့်အတွက်ကြောင့် ပိုပြီး အရေးကြီးကြောင်း တင်ပြသည်။

ထို့အပြင် အိုင်ဒီပီနှင့် ဆက်စပ်ပြီး ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက်ကိုလည်း နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များ အပြန်လှန်ဆွေးနွေးခဲ့သည်။

ထိုအချက်အလက်များကို နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး လက်တွဲ အကောင်အထည်ဖော် လုပ်ဆောင်ကြမည်ဟု နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်များက သဘောထားရှိကြသည်။



KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး


ညီသစ် | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဇန်နဝါရီလအတွင်း အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီးဖြစ်သော်လည်း အချို့နေရာများတွင် နှစ်ဘက်ပစ်ခတ်မှု အနည်းငယ် ရှိနေဆဲ
ဖြစ်ကြောင်း လူဝင်မှုဝန်ကြီး ဦးခင်ရီ က သောကြာနေ့က ပြောကြားလိုက်သည်။

“အောက်ခြေ အဆင့်တွေမှာတော့ အမိန့် မရောက်သေးလို့နဲ့တူတယ်။ နည်းနည်းပါးပါး တိုက်ခတ်မှုတွေတော့ ရှိနေသေးတယ်။ ဒါပေမယ့် ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အကျိုးသက်ရောက်မှု ရှိမယ်လို့တော့ မထင်ဘူး” ဟု ဦးခင်ရီက ပြောသည်။ ဦးခင်ရီသည် ဆီဒိုးနားဟိုတယ်တွင် သောကြာနေ့ မနက်က ကျင်းပနေသည့် KNU နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူ တဦး ဖြစ်သည်။

၎င်းက ဆက်ပြောရာတွင် KNU နှင့် ပြည်နယ်အဆင့် ဆွေးနွေးမှုများတွင် အပစ်အခတ် ရပ်စဲရေးကို ပိုပြီး တည်တံ့ခိုင်မြဲ
စေရန်အတွက် ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ တပ်များ နေရာချထားမှုနှင့် ပတ်သတ်ပြီးလည်း လိုက်နာရမည့် ကျင့်ဝတ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များ ကို ပြောသည်။
KNU3

မြန်မာအစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန်ရောက်ရှိလာသော ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် တို့အား ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့မနက်က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္စျိမ)

KNU ကိုယ်စားလှယ်အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးစောဂွဲထူးဝင်းက အပစ်အခတ် ရပ်စဲပြီး
နောက် နှစ်လအတွင်းတွင် KNU ၏ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်နှင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှု အကြိမ်အနည်းငယ်စီ ဖြစ်ပွားခဲ့သေးကြောင်း ပြောဆိုသည်။

“တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူး။ အတွင်းနည်းနည်းကျတဲ့ နေရာတွေဘက်မှာ ဖြစ်ခဲ့တာ” ဟု ဦးစောဂွဲထူးဝင်း က ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် KNU နှင့် အစိုးရ ပဏမ သဘောတူ လက်မှတ်ရေးထိုး ပြီးနောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ဆက်ဆံရေးရုံးများ ထားရှိရေး၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာခွင့်ပြုရေးနှင့် ကျန်အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်နေ့က ရောက်ရှိလာကြပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးနေကြခြင်း ဖြစ်သည်

နှစ်ဖက်တပ်များကိစ္စအပါအဝင် အပစ်အခတ် ရပ်စဲရေးအတွက် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြပြီ
ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ရယူပြီးကတည်းက ဒေသခံများ ပျော်ရွှင်ကြကြောင်း၊ စစ်၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများမှာ ပြည်သူများသာ ဖြစ်ခြင်းကြောင့် KNU အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်မည်
jဖစ်ကြောင်း ဦးစောဂွဲထူးဝင်း က ပြောသည်။

KNU ဘက်မှ ဆက်ဆံရေးရုံးများကို ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်လည်း ဖေဖေါ်ဝါရီလအတွင်းက KNU မှ တောင်းဆိုထားသည်။

KNU ၏ စခန်း ၂ဝဝ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များသို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။


ကေအန်ယူနဲ့​အစိုး​ရ ဆီဒိုး​နား​မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​နေ

Published on April 6, 2012 by ဒီဗွီဘီ
ကေအန်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​ဟာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်တဲ့​ ဒုတိယအကြိမ် ​ဆွေး​နွေး​ပွဲကို ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ဒီက​နေ့​ ဆက်လက် ပြုလုပ်​နေပါတယ်။

အဖွဲ့​ဝင် ၂၁ ဦး​ပါ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ဟာ ဧပြီ ၄ ရက်​နေ့​က ကရင်ပြည်နယ် ဘား​အံမြို့​မှာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပေမယ့်​ မပြီး​ပြတ်​သေး​တဲ့​အတွက် ရန်ကုန်မှာ ဆက်လက် ​ဆွေး​နွေး​နေကြတာပါ။ ​ကေအန်ယူအဖွဲ့​မှာ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​န်ာစီဖိုး​ရာစိန်နဲ့​ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မူတူး​စေး​ဖိုး​တို့​ ​ခေါင်း​ဆောင် ပါဝင်ပြီး​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​မှာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ဦး​ဆောင်ပါတယ်။

ဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဖက်တပ်​တွေအကြား​ အပစ်အခတ်ရပ်စဲ​ရေး​အ​သေး​စိတ် အစီအစဉ်​တွေနဲ့​ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲ​ရေး​ကအစ ​ဒေသခံပြည်သူ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​ ကာကွယ်​ပေး​ဖို့​ ကိစ္စ​တွေအဆုံး​ အ​ကြောင်း​အရာ ၅ ခု​လောက်ကို ကျယ်ကျယ်ပြန့်​ပြန့်​ သ​ဘောတူညီချက်​တွေရဖို့​ ​ဆွေး​နွေး​နေကြတာပါ။

ယ​နေ့​ ​နေလည် ၁ နာရီခွဲ​လောက်ထိ ဆက်လက် ​ဆွေး​နွေး​နေဆဲဖြစ်ပြီး​ ​ဆွေး​နွေး​ပွဲရလဒ်နဲ့​ ပတ်သက်ပြီး​ ည​နေပိုင်း​လောက်မှာ နှစ်ဖက် သတင်း​ထုတ်ပြန်မယ်လို့​ ​ကေအန်ယူအဖွဲ့​ရဲ့​ ငြိမ်း​ချမ်း​ရေး​ ခရီး​စဉ် ​ပြော​ရေး​ ဆိုခွင့်​ရှိသူ ပဒိုကွယ်ထူး​ဝင်း​က ဆီဒိုး​နား​ဟိုတယ်က​နေ ဒီဗွီဘီကို တယ်လီဖုန်း​နဲ့​ ​ပြောကြား​ပါတယ်။

နှစ်​ပေါင်း​ ၆၀ ​ကျော်ကြာ မြန်မာအစိုး​ရကို လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ ​ဘောတူညီခဲ့​ပါတယ်။

ရန်ကုန် ၊ ဆီဒိုးနားဟိုတယ်တွင် ကေအန်ယူနဲ့ အစိုးရဆွေးနွေးပွဲဓာတ်ပုံ












အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်
မြန်မာအစိုးရအကြား သောကြာနေ့မနက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားရကျေနပ်ဖွယ် ရှိကြောင်း KNU ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမုတြော် က ပြောသည်။

“ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းအရာက တအားခက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးက မပေါက်ဘူး။ ဒါပေမယ့် နားလည်မှုတွေ ရှိတဲ့အခါကျတော့ ကျမထင်တယ် ဒီဥစ္စာ ကောင်းတဲ့အလားအလာ ဖြစ်တယ်ဆိုတာ” ဟု ဆွေးနွေးပွဲတွင်း အခြေအနေများကို ပြောဆိုခဲ့သည်။

ဆွေးနွေးနေမှုဖြစ်စဉ်တွင် အရေးကြီးဆုံး အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ဖို့သာ ဖြစ်ကြောင်းကိုလည်း
ပြောဆိုခဲ့သည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီး
သောကြာနေ့ ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

0 comments:

Post a Comment