Friday, October 11, 2013

Posted by manphosan | File under :

အံ့ခေါင်မင်း (မြန်မာသံတော်ဆင့် သတင်းစာ)

လူထုဘက် မရပ်တည်တဲ့  . . . ပြည်နယ် ၀န်ကြီးချုပ်ကိုတော့ တို့ပြည်သူတွေ ဒီအတိုင်းထားလို့မရဘူး

အကျင့်ပျက်ခြစား ခရိုနီနှင့်ပေါင်းထားတဲ့ အစိုးရမျိုး၊  ကရင်ပြည်နယ် အစိုးရမျိုးကိုတော့ လုံးဝ မကြိုက် မနှစ်သက်တဲ့အပြင် ဒီအစိုးရကို ရှုတ်ချတယ် . . .

ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်လျက်ရှိသော ပြည်နယ် အစိုးရနှင့် လူထုကြား ပြဿနာရပ်များ အပြင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့၏ ဆောင်ရွက်ချက်များ၊ ပြည်ထောင်စု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု လုပ်ငန်းစဉ်များ အပေါ်တွင် ကရင်ပြည်နယ် ငြိမ်းချမ်းရေး သြ၀ါဒါစရိယ ဖြစ်သော တောင်ကလေး ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်ပညာသာမိ မထေရ်ထံ သွားရောက် လျှောက်ထား မေးမြန်း ခဲ့သည်များကို ဖော်ပြ အပ်ပါသည်။
တောင်ကလေး ဆရာတော် အရှင်ပညာသာမိသည် ကရင်ပြည်နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များ၏ ယုံကြည် ကိုးကွယ်မှုကို ရရှိထားသူဖြစ်ပြီး ယခင်အစိုးရ လက်ကလည်း နိုင်ငံ အကြီးအကဲများ၏ ယုံကြည် ကိုးကွယ်မှုကို အထူးရရှိခဲ့သဖြင့် ဆရာတော်၏ သုံးသပ် ပြောကြားမှုများသည် ကရင်ပြည်နယ်၏ အခြေအနေ၊ အစိုးရအဖွဲ့၏ နိုင်ငံရေး ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတို့ကို လက်တွေ့ကျကျ ရှုမြင် သုံးသပ်ထားသည်။
ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့  ဘားအံမြို့မ အားကစားကွင်း ကိစ္စရပ်အပေါ် ဆရာတော့် သဘောထားကို မိန့်ကြားပေးပါဘုရား။
ကရင်ပြည်နယ် အစိုးရမှာ တာဝန်ရှိတယ်။ ကရင်ပြည်နယ် အစိုးရ တစ်ရပ်လုံးမှာ တာဝန်ရှိတယ်။ ကရင်ပြည်နယ် အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ လူထုကို မလေးစားဘူး။ လူတွေကို မလေးစားတဲ့ အတွက် သူတို့ကိုလည်း လူတွေက မလေးစားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်နှင့် ပတ်သက်လာပြီဆိုရင် နိုင်ငံသားမှာ အခွင့်အရေး ဆိုတာ ရှိရမယ်။ မဟုတ်ရင် ဒီနိုင်ငံသား အခွင့်အရေးကို ဆုံးရှုံးအောင် လုပ်တာပဲ။ …
မြို့မဘောလုံးကွင်းက တော်တော်လေးကို သမိုင်းဝင်တဲ့ နေရာ။ ၁၉၂၀ ပြည့်နှစ် ကာလတုန်းက စတင်ခဲ့တဲ့ နေရာ။ ဒီနေရာသည် ဆရာတော်တို့ ကရင်ပြည်နယ်မှာ အထင်ကရ ဘောလုံးကွင်းကြီးပါ။ ဒီ ဘောလုံးကွင်းရဲ့ အခြေအနေဟာ သမိုင်းနဲ့ပြောရင် တော်တော် အရေးကြီးတဲ့နေရာ တွေပါ။ ကရင်ပြည်နယ် အစိုးရက ဒီလိုမျိုး ဆောင်ရွက် လိုက်လို့ ခွင့်ပြုလိုက်လို့ ဒီလို ဖြစ်လာတာကို ပြည်သူတွေက လက်မခံဘူးဆိုရင် ပြည်နယ် အစိုးရမှာ တာဝန်ရှိတယ်။ ပြည်သူလူထုကို ဂရုမစိုက်တဲ့ အတွက်ကြောင့် တစ်ဖက်သတ် ဖြစ်တဲ့ ခရိုနီတွေ အားကိုးတဲ့ ဒီအစိုးရကို ဖြုတ်ကို ဖြုတ်ချပစ်ရမယ်။ ဒီအစိုးရကို လူထုတွေကို ဒါကို လုပ်စရာရှိတာ ဆက်လုပ် ရမှာပဲ။ ဒီအတိုင်း ထားလို့တော့ မရဘူး။
တချို့ အစိုးရအဖွဲ့ ၀န်ကြီးတွေကတော့ ဒီပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောချင်တယ်လို့ သိရပါတယ် ခင်ဗျ။ သူတို့က ၀န်ကြီးချုပ်ကို ကြောက်ပြီးတော့ ဘာမှ မပြောရဲဘူးလို့ သူတို့ အစိုးရအဖွဲ့ အတွင်းကနေ ကြားရ ပါတယ်။
ကရင်ပြည်နယ် ၀န်ကြီးချုပ်က ဆရာတော်တို့ အတွင်းရေး ပတ်သက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အတွင်းရေးကို မပြောလိုပါဘူး။ လက်ရှိ ကရင်ပြည်နယ် အစိုးရက လူထုကို လုံးဝ ဂရုမစိုက်တဲ့အပြင်၊ ကိုယ်ကျိုး အတွက် ပိုပြီးတော့ အသုံးပြု လာတဲ့အပြင် မည်သူ့ကိုမျှ ဂရုမစိုက်ဘူး ဆိုတဲ့ စရိုက်က တော်တော်လေးကို ဆိုးတယ်။ အထူးသဖြင့် ပြည်နယ် ၀န်ကြီး အဖွဲ့ထဲက တခြားသော အထွေထွေ အုပ်ချုပ်ရေး ဌာနတွေက ပြည်သူဘက်မှာ ရပ်တည်လိုတဲ့ ဆန္ဒလေးတွေ ရှိပါတယ်။ သံဃာတော်တွေကိုလည်း ကတိပေးခဲ့တာတွေ ရှိပါတယ်။ အဲဒီပေးခဲ့ တဲ့ ကတိတွေကို နောက်ဆုံးတော့ ကရင်ပြည်နယ် ၀န်ကြီးချုပ်က သစ္စာဖောက်ပါတယ်။
သူကိုယ်တိုင်က  ပြည်သူတောင်းဆိုလို့ ပိတ်ထားတာကို ကွင်းဆင်းပြီးတော့ကို ဒါကို ပြန်ဖွင့်ပေးတယ်။ ခုလို လူထုဘက် မရပ်တည်တဲ့၊ စီးပွားရေးသမားဘက်ကို ရပ်တည်တဲ့ ပြည်နယ် ၀န်ကြီးချုပ်ကိုတော့ တို့ပြည်သူတွေ ဒီအတိုင်း ထားလို့မရဘူး။ လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။
ဆရာတော့် အနေနှင့် ပြည်သူတွေက ဘယ်လိုမျိုး လုပ်သင့်တယ် မိန့်ကြားပါဦးဘုရား။
ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့ တပ်မတော် ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ်ပေါ့။ ၀န်ကြီးချုပ် တစ်ယောက် ဖြစ်လာပြီ ဆိုကတည်းကိုက ပြည်သူက မကြိုက်ရင် နုတ်ထွက်။ ဒါဖြစ်သင့်တယ်။ ပြည်သူက မကြိုက်တာ သိရဲ့သားနဲ့ ဒီအတိုင်းပဲ လျစ်လျူရှုပြီး နေနေတာ ဆရာတော့် အနေနဲ့တော့ လုံးဝ မကြိုက်ဘူး။  သမ္မတကြီး ကိုယ်တိုင်က သူကိုယ်တိုင် ခန့်ထားတဲ့ပုဂ္ဂိုလ် ဒီလောက် ဆိုးပေနေတာ မသိဘဲ ဟန်ဆောင်ပြီးနေတာ သမ္မတကြီးလည်း ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့် စေတနာ တူတယ်လို့ ဆရာတော်တို့ ယူဆတယ်။  သူ့လူကို သူမနိုင်တော့ ပြည်သူတွေ တော်တော်လေး ဆူဆူပူပူ ဖြစ်လာပြီပေါ့။ ဒီ့ထက်မက ပြည်သူ တွေက ဆူပူအုံကြွ ဖြစ်လာမယ် ဆိုရင် အမှန်ကတော့ ဒီလို မဖြစ်သင့်ဘူး။
ပြည်နယ် ၀န်ကြီးချုပ်က ကရင်ပြည်နယ် တစ်ခုလုံးရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ဆိုတော့ ကရင်ပြည်သူ ပြည်သားနှင့်တကွ ကရင်ပြည်နယ်မှာ ရှိတဲ့ လူထုတွေအားလုံးကို သူလေးစားသင့်တယ်။ သူမလေးစားပဲနဲ့ စီးပွားရေးသမားပဲ လေးစားမယ်ဆိုရင် ပြည်နယ် ၀န်ကြီးချုပ်ဟာ အလကားပဲ။ သမ္မတလူ၊ သမ္မတက ပြန် မရုပ်သိမ်းဘူးဆိုရင် ပြည်သူပဲ လုပ်စရာရှိတာ လုပ်ရမှာ သေချာတယ်။
ဆန္ဒထုတ်ဖော်မှု၊ ဆန္ဒပြရင် ပြည်သူကို ခွင့်မပြုဘဲ အရေးယူနိုင်တဲ့ ပုဒ်မ ၁၈၊ ပုဒ်မမျိုးတွေက ရှိနေတဲ့ အခါကျတော့ ပြည်သူ့ လိုအင်ဆန္ဒလည်း ပြည့်ဝအောင် ပြည်သူလည်း ဘေးဥပဒ် မဖြစ်အောင် လုပ်ဆောင် နိုင်တဲ့ဟာမျိုး ရှိရင်တော့ လမ်းညွှန် ပေးပါဦးဘုရား။
ဆရာတော်တို့က အကျင့်ပျက်ခြစား ခရိုနီနှင့် ပေါင်းထားတဲ့ အစိုးရမျိုး၊ ကရင်ပြည်နယ် အစိုးရမျိုးကိုတော့ လုံးဝမကြိုက် မနှစ်သက်တဲ့အပြင် ဒီအစိုးရကို ရှုတ်ချတယ်။ နောက်တစ်ခု ရှိတာက ဆန္ဒပြလို့ ပြည်သူတွေကို အရေးယူ ဆောင်ရွက်မယ် ဆိုရင် ပြည်သူတွေက ပြန်အရေးယူ ဆောင်ရွက်တဲ့ ဒီအစိုးရကို အရေးယူ ဆောင်ရွက်နိုင်တဲ့ နည်းဥပဒေတွေ ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ဆရာတော်တို့နဲ့ တွေ့ကြသေးတာပေါ့။
ဒီအစိုးရကို နည်းဥပဒေဖြင့် စီစဉ် ဆောင်ရွက် နိုင်ပါတယ်။ ပြည်သူတွေဘာမှ အားငယ်စရာ၊ အားနည်းစရာ မလိုပါဘူး။ အကြမ်းဖက်ခြင်းကတော့ ကောင်းတဲ့ အလုပ် မဟုတ်တော့ ပြည်သူ့ဘက်ကို မရပ်တည်တဲ့၊ ခရိုနီဘက်ကို ရပ်တည်တဲ့၊ အားပေးနေတဲ့ ဒီလို အစိုးရကို ဆရာတော်တို့ကတော့ အကြမ်းမဖက်ခြင်း ပုံစံနှင့် ဒီအစိုးရကို အမြစ်ပြုတ်အောင် တိုက်ဖို့ သို့မဟုတ် အမြစ်ပြုတ်အောင် နည်းလမ်းတွေ လုပ်ရမှာပဲ။
၂၀၁၁ က ၂၀၁၃ ကို ၂နှစ်ခွဲ ကျော်သွားပြီပေါ့ဘုရား။ သမ္မတကြီး ဦးသိန်းစိန် ကလည်း လစဉ်လတိုင်း ပြည်သူကိုပြောတဲ့ ရေဒီယို မိန်းခွန်းတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး တိုးတက်အောင် ဘယ်လိုတွေ လုပ်နေပါတယ်။ အဲလိုပဲ ပြည်ထောင်စုဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတွေလည်း  ဒီမိုကရေစီ စကား တွင်တွင် ပြောကြားနေတယ်။ ဒီလိုအချိန်မှာ ကရင်ပြည်နယ်မှာ ဒီလိုဖြစ်နေတဲ့ အစိုးရရဲ့တစ်ဖက် စောင်းနင်း ဆောင်ရွက်မှုတွေလည်း ရှိနေတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဆရာတော့် အနေနှင့် ဘယ်လို သုံးသပ် မိပါသလဲ။
တိုင်းရင်းသားတွေက အစိုးရ အဖွဲ့အစည်းတွေကို သည်းခံနေရတဲ့ သဘောတွေပါ။ တိုင်းရင်းသား ပြည်သူလူထုတွေက အစိုးရကို သည်းခံပေးရတဲ့ သဘောတရား  တကယ်တမ်းတော့ စီးပွားရေး ပြုပြင်ပြောင်း လဲနေပါတယ်။ ငြိမ်းချမ်းရေး အကောင်အထည် ဖော်နေပါတယ် ဆိုကြပေမယ့် ငြိမ်းချမ်းရေးလည်း ဟုတ်တိပတ်တိ အောင်မြင်လာတာ မရှိပါဘူး။ စီးပွားရေးလည်း ဘာမှ မအောင်မြင်တဲ့အပြင်ကို ဘာဆိုဘာမှ မအောင်မြင်ပါဘူး။
နိုင်ငံရေး ပြုပြင် ပြောင်းလဲတယ်ဆိုတာ ဘာတွေ ပြုပြင် ပြောင်းလဲနေတာလဲ။ ဒီမိုကရေစီနိုင်ငံ ပြုပြင်ပြောင်းလဲ နေတာလား။ လူထုနိုင်ငံရေး ပြုပြင်ပြောင်းလဲ နေတာလား။ လူမှုဘ၀ ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲ နေတာလား။ ဘာယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲ နေတာလဲ။ ဘာတစ်ခုမှ မပြောင်းလဲနိုင်ပါဘူး။ မပြောင်းလဲတဲ့အပြင်  ပြည်နယ် ဒုက္ခဖြစ်နေတယ်ဆိုတော့ အစိုးရ လုပ်ဆောင်ချက်တွေက ဘာမှ အသိအမှတ် ပြုစရာမရှိဘူး။ ရှင်းရှင်း ပြောရရင်တော့ ပြည်ထောင်စု အစိုးရ လုပ်ဆောင်တဲ့ အစီအစဉ် တွေဟာ ကြွားလုံး ထုတ်ပြီးတော့ နိုင်ငံတကာမှာ လိမ်စားတာပါပဲ။
ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရတွေ အာဏာ ခွဲဝေမှုမှာ တချို့ဆိုရင် ပြည်နယ် အစိုးရက ကောင်းကောင်းမွန်မွန် လုပ်နေပေမယ့် လုပ်ခွင့်မရှိလို့ အာဏာခွဲဝေမှု မညီမျှလို့ဆိုပြီး ဖြစ်နေတာမျိုးတွေ ရှိပါတယ်ဘုရား။
အာဏာခွဲဝေမှုနှင့် ပတ်သက်လာပြီ ဆိုရင်တော့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂အရ ပြည်နယ်တိုင်း အစိုးရတွေကို ပေးထားတဲ့ အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်က ဘာမှမရှိဘူး။ဘာမှမရှိတဲ့ အဆင်အပြေဆုံးလို့ အာဏာမျိုးဆိုတော့ အစိုးရ တစ်ရပ်ရယ်လို့ ဘယ်လိုမှ လုပ်ဆောင်လို့ မရဘူး။ အားလုံး နေရာတိုင်းမှာ ပြည် ထောင်စု အစိုးရချည်းပဲ ချုပ်ကိုင်ထားတာ ဖြစ်တဲ့အတွက် အာဏာခွဲဝေမှုမှာ အာဏာ ခွဲဝေတယ်လို့ မခေါ်ဘူး။ ဘာနှင့်တူသလဲ ဆိုလို့ရှိရင် အာဏာရယူမှုနှင့်ပဲ တူနေပါတယ်။ အာဏာခွဲဝေမှုက ပြည်ထောင်စုက အများကြီး ယူထားပြီးတော့ ပြည်နယ်နှင့် တိုင်း အစိုးရတွေက ဘာမှ သုံးစားလို့ မရတဲ့အဆုံး ဖြစ်နေတယ်။ အဲလို ပြန်လည် စဉ်းစား ကြည့်မယ်ဆိုရင် တိုင်းအစိုးရတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရတွေကို တော်တော်လေး သနားစရာ ကောင်းပါတယ်။ အဲဒီ ဥပဒေကို အဲဒီအတိုင်းသာ ထားမယ်ဆိုရင် ဆရာတော်တို့ မြန်မာပြည်ဟာ ဘာမှ သုံးလို့မရဘူး။
ဘားအံမြို့မကွင်း ကိစ္စဟာ စတင်ပြီးတော့ ဖြစ်ပေါ်တာ ၁၉၉၀က DKBA ကို အဲဒီအချိန်တုန်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကြီးက ပေးအပ် လိုက်တာက စတာပေါ့ဘုရား။ DKBA ကနေပြီးတော့ အဆင့်ဆင့် လွှဲပြီးတော့ လေး၊ ငါးဆင့် လောက် ပြောင်းပြီးတော့ အခုလို အခြေအနေမျိုးအဖြစ် ပေါ်ပေါက် လာတဲ့ အခါကျတော့ ကရင်ပြည် နယ်ရဲ့ငြိမ်းချမ်းရေး သြ၀ါဒဆရာတော် တစ်ပါးအနေနှင့် မိန့်ကြားပေးပါဦး ဘုရား။
ကရင်ပြည်နယ် မြို့မ ဘောလုံးကွင်းဟာ တန်ဖိုး ထားရမယ့် နေရာဖြစ်ပေမယ့် အဲဒီအချိန်ခါ ကာလတုန်းက အဖွဲ့အစည်း တစ်ခုရဲ့ မိသားစုအတွက် ဆိုပြီးတော့ကို ပေးခဲ့တာက ပိုဆိုးတယ်။ ဒါက တပ်မတော် အစိုးရ တစ်ရပ်လုံးကို မျက်နှာပြောင်ပြောင်နှင့် ဖျက်ဆီးလိုက်တာ။ ဒါကလည်း ပြည်နယ်တိုင်းမှာ တကယ့်ဖြစ်နေတဲ့ ကိစ္စတွေကို အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲတွေက ဒါမပေးသင့်၊ မပေးအပ်၊ မပေးထိုက်တဲ့ ပစ္စည်း တစ်ခုကို လုပ်နေတာကနေ စတာ။ အဲဒီတည်းက လူထုတွေက မကျေနပ်ဘူး။ ဒါပေမဲ့ ပြောလို့မရဘူး။
ဘာလို့မရလဲ ဆိုတော့  တိုင်းပြည်က တပ်မတော် အစိုးရက အုပ်ချုပ်ထားတယ်ဆိုတော့ တစ်မိန့်၊ တစ်သြဇာ၊ တစ်အာဏာ၊ အာဏာစက်က လွှမ်းမိုးထားတဲ့ အခါကျတော့ ဘယ်သူမှ မပြောဘူး။ ငြိမ်ဝပ်ပိပြား ကာလ အလျောက် တော်တော်လေးကို ခံထားရသလို အေးချမ်းသာယာရေး တစ်ခေတ်တစ်ခါလည်း တော်တော် လေး ခံစား ခဲ့ရပါတယ်။ ဒါတွေဟာ မဖြစ်သင့်၊ မဖြစ်ထိုက်၊ မဖြစ်အပ်တဲ့ အခြေအနေတွေကို အဲဒီအချိန် ကာလက အုပ်ချုပ်မှု လုပ်ဆောင်ချက်ကြောင့် အမှားတွေက ပြည်သူတွေ အခု ခံစားနေရတယ်။ ဒီနေ့ထိ ဆရာတော်တို့ တိုင်းပြည်က ခံစားနေရတယ်။

 

0 comments:

Post a Comment