Monday, October 28, 2013

Posted by manphosan | File under :
အောက်တိုဘာ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း

DSC09018

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာပြည်တွင်းရှိ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားကာ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဆက်စပ်မှုရှိသည်ဟု အစိုးရဘက်မှ ထုတ်ဖော်ပြောကြားပြီးနောက် အဖွဲ့ဝင် (၇) ဦးပါဝင်သော ဗုံးခွဲ တိုက်ခိုက်မှုဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို KNU က ဖွဲ့စည်းလိုက်သည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ဖားအံခရိုင်ရှိ KNU တပ်မဟာ(၇)ဌာနချုပ်တွင် KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ၊ အမြဲတမ်းကော်မတီဝင်များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများ၊ တပ်မဟာအသီးသီးမှ တပ်မဟာမှူးများနှင့် သက်ဆိုင်ရာခေါင်းဆောင် စုစုပေါင်း (၃၀)ကျော်သည် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ၎င်းအထူးစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု KNU က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။
KNU အထွေထွေအတွင်းရေးမှူးချုပ်၏ ပဒိုစောကွယ်ထူးဝင်းက “ဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပတ်သက်ပြီး မီဒီယာမှာ KNU နဲ့ ပတ်သက်မှုရှိတယ်လို့ ဖော်ပြကြပေမယ့် တကယ်ဆိုရင် ကျနော်တို့ KNU အဖွဲ့အစည်းအနေနဲ့ ဆက်စပ် မှု မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလားတူဖြစ်ရပ်မျိုးကို ကြိုတင်ဟန့်တားနိုင်အောင်နဲ့ အများအမြင်ရှင်းအောင် ခေါင်းဆောင်တွေစုပြီးတော့ အဖြစ်မှန်ကိုစုံစမ်းဖော်ထုတ်နိုင်ဖို့ ကော်မရှင်ကို ဖွဲ့လိုက်တာပါ”ဟု ပြောသည်။
ဆက်လက်၍ KNU အနေဖြင့် အကြမ်ဖက် လုပ်ရပ်များကို ကန့်ကွက်ကြောင်း၊ နိုင်ငံရေးပြသာနာကို တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာရမည်ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် KNU ပါဝင်ပတ်သက်နေသည်ဟု သတင်းထွက်ပေါ်မှုမှာ မည်မျှမှန်ကန်မှုရှိကြောင်းကို ဖော်ထုတ်ရန် ယခုကော်မရှင်က စုံစမ်းဖော်ထုတ်သွား မည်ဟု ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ဆက်ပြောသည်။
၎င်းဖွဲ့စည်းလိုက်သော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပဒိုစောရောဂျာခင်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောဖောဒိုနှင့် အဖွဲ့ဝင်များအဖြစ် KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ပဒိုစောအောင်မော်အေး၊ ဗိုလ်မှူး စောတာမလာသော၊ ပဒိုစောအယ် ကလူစေး စသည်တို့ ဖြစ်ကြသည်ဟု KNU ကြေညာချက်တွင် ဖော်ပြထားသည်။
KNU သည် နိုင်ငံရေးအဖြေရှာရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုပေါ်လစီကို ဆက်လက်ကျင့်သုံးသွား မည်ဖြစ်သလို မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်မျိုးမဆို ပါဝင်ပတ်သက်မည် မဟုတ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် သေကြေ ထိခိုက်ဒဏ်ရာရသူများနှင့် မိသားစုဝင်များအတွက် ၀မ်းနည်းကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

0 comments:

Post a Comment