Monday, March 5, 2012

Posted by manphosan | File under :
ကရင့်အမျိုးသားညီလာခံ Karen Worldwide Conference က အစိုးရနဲ့ KNU ကြား ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကို ထောက်ခံလိုက်ပေမယ့် ဒီတကြိမ် တကယ် ငြိမ်းချမ်းရေး ရဖို့ကတော့ အစိုးရရဲ့ တကယ့်စိတ်ရင်း အရေးကြီးတယ်လို့ ဒီကနေ့ ဘန်ကောက်မှာ ကျင်းပတဲ့ ညီလာခံအကြောင်း ရှင်းလင်းပွဲမှာ ရှင်းလင်းသူတွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကရင် အမျိုးသား ညီလာခံ တက်ရောက်သူများ


ကရင့်အမျိုးသားညီလာခံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ကနေ မတ် ၁ အထိ ကရင်ပြည်နယ် တနေရာမှာ ကျင်းပခဲ့တာ ဖြစ်ပြီး၊ ကရင် အမျိုးသား အစည်းအရုံး KNU အပါအဝင် ပြည်တွင်းပြည်ပက ကရင်အဖွဲ့အစည်းပေါင်း ၄၀ ကျော်က ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ လူငယ်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြပါတယ်။

တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာက အစိုးရပေါ်မူတည်တယ်၊ အစိုးရက ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ အစိုးရက ဘယ်လောက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်သလဲပေါ် မူတည်တယ်လို့ ဒီကနေ့ ဘန်ကောက် ရှင်းလင်းပွဲကို ဦးဆောင်ခဲ့တဲ့ ဥရောပဆိုင်ရာ ကရင့်ကွန်ရက် ခေါင်းဆောင်နဲ့ ယူကေနိုင်ငံရဲ့ ကရင့်ရပ်ဝန်း အဖွဲ့အစည်းရဲ့ အကြံပေး မဇိုရာဖန်းက ဘီဘီစီကို ပြောပါတယ်။

KNU နဲ့ အစိုးရကြားမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာက ဖြစ်ဖြစ်၊ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်ဖြစ် တတိယအဖွဲ့အစည်း အနေနဲ့ ပါဝင်သင့်တယ်လို့လည်း ညီလာခံက ဆုံးဖြတ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။



မဇိုရာဖန်းက ဘန်ကောက်စတူဒီယိုတွင်းမှာ ကရင့်အမျိုးသားညီလာခံအကြောင်း ပြော

ကရင့်အမျိုးသားညီလာခံဟာ အစိုးရနဲ့ KNU တို့ ဆောင်ရွက်နေတဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကရင့် လူထုအသံပါဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး အစစ်အမှန် ရဖို့ လမ်းပြမြေပုံကို ညီလာခံကနေ ထောက်ခံခဲ့တယ်လို့ မဇိုရာဖန်းက ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားသစ်တွေ တိုးပေးဖို့ မဟုတ်ပေမယ့် လက်ရှိဖိအားတွေကို ဆက်လက် ထားရှိဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှသာ ရုပ်သိမ်းဖယ်ရှားဖို့လည်း ညီလာခံကနေ တောင်းဆိုခဲ့တယ် လို့လည်း သူက ပြောပါတယ်။

အစိုးရနဲ့ KNU ကြား အပစ်ရပ်ဆွေးနွေးနိုင်ဖို့ သဘောတူထားတာသာဖြစ်ပြီး၊ အပစ်ရပ် သေးတာ မဟုတ်ဘူးလို့လည်း မဇိုရာဖန်းက လက်ရှိ အခြေအနေကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

BBC

0 comments:

Post a Comment