မောင်ဝံသ (ဘီဘီစီ)
ကမ္ဘာ့မီဒီယာ အားလုံးလိုလို ‘အာရပ်နွေဦး’လို့ တင်စားခေါ်ဝေါ် နေတဲ့ အာရပ်ကမ္ဘာကဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှုတွေ အကြောင်း၊ အခုလောလောဆယ် မှာ သီးသန့်ရွေးထုတ်ပြောဆိုရရင် လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်က အဖြစ်အပျက်တွေအကြောင်း အာရုံ စူးစိုက်နေကြချိန်မှာ အခြားအရှေ့ အလယ်ပိုင်းတစ်နေရာက သတင်း တစ်ပုဒ်က ကျွန်တော့်အာရုံကို ဆွဲခေါ် သွားတဲ့အကြောင်း စာဖတ်ပရိသတ် တွေကို မျှဝေအသိပေးချင်တယ်ဗျာ။ အဲဒီသတင်းကတော့ အနောက် ဘက်ကမ်း ဂျူးအခြေချအိမ်ရာစခန်း တွေက ထုတ်လုပ်တဲ့ကုန်ပစ္စည်း တွေ မသုံးစွဲရေးသပိတ်မှောက်နေမှု တွေ ရပ်ဆိုင်းသွားရေး ရည်ရွယ်ရေး ဆွဲထားတဲ့ ဥပဒေသစ်တစ်ခုကို အစ္စရေးနိုင်ငံက နိုင်ငံသားအခွင့် အရေး အုပ်စုတွေကတရားဥပဒေ ကြောင်းအရ စိန်ခေါ်ဖို့စီစဉ်နေကြတဲ့ သတင်းပဲဗျာ။
စစ်တိုက်ပြီး သိမ်းထားတဲ့နယ်မြေ
နိုင်ငံတကာရေးရာတွေကို စိတ်ဝင်တစား စဉ်ဆက်မပြတ် လေ့လာခဲ့တဲ့သူတွေ သိကြပါမယ်။ အခု အနောက်ဘက်ကမ်းလို့ အဖျားဆွတ် ခေါ်နေကြတဲ့ နေရာဟာ (၁၉၆၇) ခုနှစ်တုန်းက အစ္စရေး နဲ့အာရပ်နိုင်ငံတွေအကြား ဖြစ်ပွားတဲ့ (၆)ရက် စစ်ပွဲအတွင်း အစ္စရေးက သိမ်းယူခဲ့တဲ့ ဂျော်ဒန်မြစ် အနောက် ဘက်ကမ်းဒေသဖြစ် ပါတယ်။ အဲဒီ စစ်ပွဲနောက်ပိုင်းမှာ အစ္စရေးက အဲဒီ အနောက်ဘက်ကမ်းဒေသမှာ အိမ် ရာစခန်းတွေတည်ဆောက်ပြီး သူ့ နိုင်ငံသားတွေကိုသွားရောက် အခြေ ချနေထိုင်စေခဲ့တယ်ဗျာ။ စစ်ပွဲ အတွင်း သိမ်းပိုက်ခဲ့တဲ့ နယ်မြေ တွေမှာ အခြေချ အိမ်ရာစခန်းတွေ တည်ဆောက်တာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက် တာဖြစ်တယ် ဆိုပြီး ကမ္ဘာနိုင်ငံအများအပြားက ဝေဖန်ပြောဆိုခဲ့ကြပေမယ့် အစ္စရေး ကဂရုမစိုက်ဘဲအခြေချ အိမ်ရာစခန်း တွေ တစ်ခုပြီး တစ်ခု တည်ဆောက် လာလိုက်တာ အခုဆိုရင် အတော် ကို များနေပြီ ဖြစ်တယ်ဗျာ။
အစ္စရေးတွေကပါ ကန့်ကွက်
အစ္စရေးအစိုးရ အဆက်ဆက် ရဲ့ အဲဒီလုပ်ရပ်ကို ခါးခါးသီးသီး ဆန့်ကျင်တဲ့အထဲမှာ ပါလက်စတိုင်း တွေ၊ အာရပ်တွေသာမက အစ္စရေး နိုင်ငံသားတွေလည်း ပါဝင်တယ် ဗျ၊ အစ္စရေးနိုင်ငံသား လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပါလက်စတိုင်းနယ်မြေ တွေကို အစ္စရေးကသိမ်းပိုက်ထား တာကို အဆုံးသတ်စေချင်ကြတဲ့ အစ္စရေးနိုင်ငံအတွင်းက အုပ်စုတွေ ဟာ အစောပိုင်းမှာ အဲဒီအခြေချ အိမ်ရာစခန်းတွေ ပြန်လည် ဖျက် သိမ်းရေးကို လှုံ့ဆော်စည်းရုံး လှုပ် ရှားခဲ့ကြတယ်။ အဲဒီလှုပ်ရှားမှု မျှော်မှန်းသလောက် မအောင်မြင်တဲ့ အခါ အခြေချစခန်းသစ်တွေ ထပ်မ ဆောက်ရေး ကြိုးပမ်းခဲ့တယ်။ အောင်မြင်သင့်သလောက် အောင်မြင် ပေမယ့် သူတို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ပိုမိုလျင်မြန်စွာရောက် ရှိနိုင်ရေး အတွက်သူတို့ရွေးချယ် လိုက်တဲ့ နည်းလမ်းတစ်ခုကတော့ အဲဒီအခြေချ အိမ်ရာစခန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်ရေးပဲ ဖြစ်တယ်ဗျ။ အဲဒီနည်းဗျူဟာကို ကိုင်စွဲ လိုက်ချိန်ကစပြီး ပါလက်စတိုင်း အရေး လှုပ်ရှားတဲ့အစ္စရေးနိုင်ငံတွင်း က လူ့အခွင့်အရေးအုပ်စုတွေဟာ အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ရာစခန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို အစ္စရေး နိုင်ငံ သားတွေဝယ်ယူသုံးစွဲမှု မလုပ်ဖို့ အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး စည်းရုံးလှုံ့ဆော်ခဲ့ ကြတယ်ဗျာ။ ပထမပိုင်းမှာ သိပ်မထိရောက်ခဲ့ ပေမယ့် တဖြည်းဖြည်းနဲ့အရှိန်ရလာတဲ့ အခါ အစ္စရေးပြည်သူတွေရဲ့ ထောက် ခံအားပေးမှုကို တိုးတက်ရရှိလာခဲ့ တယ်ဗျာ။ အဲမှာတင်ဒီအတိုင်းဆိုရင် တော့ အနောက်ဘက်ကမ်းအခြေချ အိမ်ရာစခန်းတွေက ကုန်ထုတ်လုပ် ရေးလုပ်ငန်းတွေ အခက်တွေ့ရချည် ရဲ့ဆိုပြီး အစ္စရေးအာဏာပိုင်တွေက အဲဒီသပိတ်မှောက်မှုကို အဆုံးသတ် စေမယ့် ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ကြ တာပဲ ဖြစ်တယ်ဗျ။ ”သပိတ်မှောက်မှုမှ တစ်ဆင့် အစ္စရေးနိုင်ငံအပေါ် ထိခိုက်နစ်နာမှု များအားကြိုတင်ဟန့်တား ကာကွယ် သောဥပဒေ”လို့ အမည်ပေးထားတဲ့ အဲဒီဥပဒေကိုနက်ဆက်ခေါ် အစ္စရေး ဥပဒေပြု လွှတ်တော်က ထောက်ခံမဲ (၄၇) မဲ၊ ကန့်ကွက်မဲ (၃၈) မဲ နဲ့ အတည်ပြုခဲ့တာဖြစ်တယ်ဗျ။
ပွက်ပွက်ညံ ကန့်ကွက်ခဲ့ကြ
အဲဒီဥပဒေ ထွက်လာတာနဲ့ အစ္စရေးကနိုင်ငံသား အခွင့်အရေး အုပ်စုတွေက ပွက်ပွက်ညံအောင်ထ ပြီး ကန့်ကွက်ကြတော့တယ်ဗျာ။ ဂုရှ်ရှာလွမ်ဆိုတဲ့ အဖွဲ့က ဒီဥပဒေ ဟာ အစိုးရရဲ့မူဝါဒတွေ သီးသန့် ရွေးထုတ်ပြောဆိုရရင် သိမ်းပိုက်နယ် မြေတွေမှာ အစိုးရကကျင့်သုံးနေတဲ့ မူဝါဒတွေအပေါ် ဝေဖန်သံတွေကို တိတ်ဆိတ်သွားစေဖို့နဲ့ ဒီမိုကရေစီ စနစ်တစ်ခုရဲ့ ကျောရိုးဖြစ်တဲ့ လွတ် လပ်ပွင့်လင်းပြီး အပြုသဘော ဆောင်တဲ့ နိုင်ငံရေးထုတ်ဖော်ပြော ဆိုမှုတွေကို ကြိုတင်ဟန့်တားဖို့ ရည်ရွယ်တာဖြစ် တဲ့အတွက် ဥပဒေ ကြောင်းအရ စိန်ခေါ်တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ပြောဆိုခဲ့တယ်။ နိုင်ငံသားအခွင့်အရေး အစည်းအရုံး ကလည်း ဒီဥပဒေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး အခြေခံဥပဒေနဲ့မညီ တဲ့အပြင် အစဉ်အလာဆိုးတစ်ခုကို ချပေးလိုက်တာ ဖြစ်တဲ့အတွက် ဥပဒေဖြစ်ဖို့ မထိုက်မတန်အရည် အချင်းမပြည့်မီတဲ့အရာ တစ်ခုအဖြစ် ကြေညာပေးဖို့ တရားရုံးချုပ်ကို ဦးတိုက်လျှောက်ထားသွားမယ်လို့ ပြောဆိုခဲ့တယ်ဗျ။ အစ္စရေးနိုင်ငံသား အာရပ်များ အတွက် တရားဥပဒေအခွင့် အရေး အုပ်စုတစ်ခုဖြစ်တဲ့ လူ့အခွင့် အရေး ဆရာဝန်များအဖွဲ့၊ ညှဉ်းပန်း နှိပ်စက် မှု ဆန့်ကျင်ရေး ပြည်သူ့ကော်မတီ၊ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဆိုတဲ့ အဖွဲ့တွေ ပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကလည်း အဲဒီဥပဒေ ဖျက်သိမ်းရေးတရားဥပဒေတိုက်ပွဲမှာ ပါဝင်မယ်လို့ပြောဆိုထားကြတယ်ဗျ။ ‘အခုချက်ချင်းငြိမ်းချမ်းရေး’ အမည်ရှိတဲ့ အဖွဲ့တစ်ခုကဆိုရင် ဥပဒေသစ်ကို အာခံပြီးပိုစတာတွေ၊ လူမှုရေးမီဒီယာတွေကို အသုံးပြုကာ အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ရာစခန်းတွေက ထုတ်လုပ်တဲ့ အဟီယာသံလွင်ဆီနဲ့ ပဆာဂေါ့ဝိုင် အရက်တွေကို ဝယ်ယူသုံးစွဲခြင်းမပြုဖို့ အစ္စရေးပြည်သူတွေကို ပြောင်ပြောင် တင်းတင်း လှုံ့ဆော်နေပြီဗျာ။
ကမ္ဘာ့မြေပုံပေါ်က ဖျောက်ခံရဖို့
ဒီနေရာမှာ ကျွန်တော်ထူးထူး ခြားခြား သတိပြုမိတဲ့ အချက်ကတော့ အစ္စရေးနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ပဲဖြစ် တယ်ဗျာ။ အားလုံးသိကြတဲ့အတိုင်း အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီး ဘဲလ်ဖိုးရဲ့ ကြေညာစာ တမ်းအရ အာရပ်နိုင်ငံတွေရဲ့ အလယ်မှာ လွတ်လပ်တဲ့နိုင်ငံ အဖြစ် ပေါ်ထွက်လာ ခဲ့တဲ့ (၁၉၄၈) ခုနှစ် မှာပဲ အစ္စရေးဟာ အိမ်နီးချင်းအာရပ် နိုင်ငံတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်ဗျ။ နောက်ပိုင်းမှာလည်း နိုင်ငံပျောက်ကွယ် သွားလောက်အောင် အန္တရာယ်ကြီးတဲ့ စစ်ပွဲတွေ ကိုလည်း (၃)ကြိမ်တိုင်တိုင်ဆင်နွှဲခဲ့ရ တယ်ဗျာ။ အခုလက်ရှိမှာလည်း အီဂျစ်တစ်နိုင်ငံတည်းနဲ့သာ ငြိမ်း ချမ်းရေး သဘောတူ စာချုပ်ချုပ် ဆိုထားနိုင်ခဲ့ပြီး ကျန်တဲ့အာရပ်နိုင်ငံ တွေနဲ့ ဆက်ဆံရေးကတော့ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ အနေအထားထက် နည်းနည်းမှ ပိုပြီး တိုးတက်မလာသေးဘူးဗျာ။ ဒီကြားထဲအစ္စရေးနိုင်ငံကို ကမ္ဘာ့ မြေပုံပေါ်ကပျောက်ကွယ် သွား အောင် လုပ်ပစ်ရမယ်လို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင် ကလည်း ခြိမ်းခြောက်ဟိန်းဟောက် နေသေးတယ်ဗျာ။
ဒီမိုကရေစီ မတိမ်း မစောင်း
အဲဒီလောက် ရန်သူတွေပတ် လည်ဝိုင်းနေပေမယ့် အစ္စရေးနိုင်ငံ ဟာ လွတ်လပ်ရေးရကတည်းက ကျင့်သုံးလာခဲ့တဲ့ ဒီမိုကရေစီစနစ် ကနေတစ်ခါမှ တိမ်းစောင်း သွားတာ မျိုးမတွေ့ခဲ့ရတာ တကယ့်ကိုစိတ်ဝင် စား ဖို့ကောင်းတယ်ဗျာ။ အစ္စရေးမှာ လီကွတ်နဲ့လေဘာ ဆိုပြီးပါတီကြီး နှစ်ခုက အဓိကနိုင်ငံရေးပါတီကြီး တွေဖြစ်ကြပြီး ဘယ်ပါတီကပဲ အာဏာရရ အတိုက်အခံပါတီကို လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့်ပြု ထားခဲ့သလို အရပ်သားအခြေပြု အဖွဲ့အစည်းတွေကိုလည်း အားကောင်း မောင်း သန် လှုပ်ရှားခွင့်ပြုထားခဲ့တာ အားလုံးအမြင်အသိပဲဗျ။ ဒီတော့အစ္စရေးဆိုတဲ့ အရွယ် အစားကလည်းသေးသေး၊ လူဦးရေ ကလည်း နည်းနည်းကလေးသာ ရှိပြီး သဘာဝသယံဇာတအရင်း အမြစ်ဆိုလို့လည်း ဘာမှပြောပ လောက်အောင် ကြွယ်ကြွယ်ဝဝမရှိ တဲ့နိုင်ငံငယ်လေး ရန်လိုတဲ့နိုင်ငံအများ အပြားရဲ့အလယ်မှာ ရာစုတစ်ဝက် ကျော်ကြာလာတဲ့အထိ ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ခဲ့တာမှာ ကမ္ဘာ့ အင်အားအကြီးဆုံး အမေရိကန်နိုင်ငံ ရဲ့ ကျောထောက်နောက်ခံပြုပေးမှု က အဓိကဖြစ်တယ်ဆိုတာ မငြင်း နိုင်ပေမယ့် ဒီမိုကရေစီစနစ်ကို မယိမ်း မယိုင် မတိမ်းမစောင်း မသွေမဖည် ကျင့်သုံးလာခဲ့တဲ့ နိုင်ငံခေါင်းဆောင် အဆက်ဆက်ရဲ့ ခိုင်ခံ့စွဲမြဲတဲ့ ယုံကြည် ခံယူချက်ကလည်းအင်မတန်မှ အရေး ပါတဲ့အခန်းကဏ္ဍ တစ်ခုက ပါဝင်ခဲ့ လိမ့်မယ်လို့ယုံကြည်မိကြောင်းပါဗျာ။
ref : http://popularmyanmar.com/mpaper/archives/25098

0 comments:
Post a Comment