“ဖႜုံလိက်ထူ့လီ ”ခေါ် ပေရေးကရင်စာပေတစ်မျိုးကို အရှေ့ဘက် ပိုးကရင်များက မိမိတို့အမျိုးသားအသံထွက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာကပင် ရေးသား ဖတ်ရှုခဲ့ကြောင်း အဆိုရှိကြ၏။ ယခုလက်တွေ့မြင်နိုင်သော ပေစာများအရ လေ့လာ ကြည့်မယ်ဆိုလျှင် အထက်ပါနှစ်ပေါင်းမြောက်များစွာကပင် ရေးသားဖတ်ရှုလာခဲ့ကြောင်း ဆိုသည့်စကားသည် ယုတ္တိကင်းခဲ့သောစကားဟု ဆိုရန်ခဲ့ယဉ်သည်ကို တွေ့နိုင် မည်ဖြစ် သည်။ ယခုအခါ တွေ့မြင်နိုင်သော ပေရေးကရင်စာပေ(၎င်းကို အချို့က လြိက်ရုက်လးဋ္ဋဋ္ဋ (သုမဟုတ်)လိက်ဓ၀်ၟထူ့လည်းခေါ်သည်) တွင် ရေးသားထားသည်။ ရေးဟန်များမှာ များသောအားဖြင့် ကဗျာလင်္ကာဖြင့် စီကုံးရေးသားသော လင်္ကာစာတန်းရှည်ကြီး များချည်း လိုပင်တွေ့နိုင်မည်ဖြစ်သည်။ အရေးအသားများမှာ အဆင့်အတန်းအားဖြင့် အတော် ပင်မြင့် မားလှသည်ကိုတွေ့နိုင်သည်။ ရေးသားသည့်အကြောင်းအရာများမှာလည်းစုံလင်လှသည်။ လောကီရေးရာ လောကုတ္တရေးရာများကို အခြေခံပြီး ရေးသားထား ချက်များဖြင့်ပြည့်နှက် လျှက်ရှိပေသည်။ ယင်းပေရေး ဖြႜုံလိက်ထူ့လီဋ္ဋဋ္ဋစာပေကိုလေ့လာစီစစ်မည်ဆိုလျှင် အရာ အားဖြင့်ကျယ်ဝန်၍ ဝေါဟာရအသုံးအနှုန်းရော အမျိုးသားတစ်ရပ်၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ဖေါ်ထုတ်ရေးသားချက်များပါ ကြွယ်ဝစွာ ရေးသားမှတ်သားလျှက်ရှိသော စာပေတစ်ရပ်ဖြစ်ကြောင်းတွေ့မြင်နိုင်မည်ဖြစ်သည်။
တကယ်ဆို၍ စာပေဆိုသည်မှာ အမျိုးသားတစ်ရပ်၏ ယဉ်ကျေးမှုကိုထိန်းသိမ်း ရာတွင် အဓိကအရေးပါလှသော အကွပ်အကတစ်ခုဖြစ်ပေသည်။ စာပေ အရေးအသား ကြွယ်ဝမှုနှင့် လေးနှက်မှုသည် အမျိုးသားတစ်ရပ်၏ ယဉ်ကျေးသိမ်မွေ့မှုကို ညွန်ပြသော မီးရှူးတစ်ဆောင်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ အရေးအသားအားဖြင့် လေးနက်မှုမရှိ ကြွယ်ဝမှု မပြည့်စုံသောစာပေသည် အမျိုးသားတစ်ခုကို ယဉ်ကျေးစေသည့် အဆင့် အတန်း မြင့်မားစေသည့်အဖြစ်သို့မညွှန်ပြ မပို့ဆောင်နိုင်ပေ။ (ညွှန်ပြပို့ဆောင်ပေးနိုင်မည် မဟုတ်ပေ) တစ်ဖန်စာပေး၏ အလေးအနက် ကြွယ်ဝမှု စသည်များကို တိုင်းတာလေ့ လာ တတ်သော ကမ္ဘာ့စာပေပညာရှင်ကြီးများ၏ အလယ်တွင်မျက်နှာပန်းလှနိုင်မည်မဟုတ်ပေ။
လူမျိုးတစ်မျိုးမှာ မိမိတို့အသုံးပြု ဖတ်ရှူ့ရေးသားသည့် စာပေသည် ကြွယ်ဝမှု လေးနက်မှု ရှိမှသာလျှင် အခြားသော အဆင့်အတန်းမြင့်ပြီး ယဉ်ကျေးသိမ်မွေ့ပြီးဖြစ်သော သူတို့၏ အလယ်တွင် မျက်နှာမငယ်ဖြစ်နိုင်မည်သာဖြစ်သည်။ အထက်ဆိုခဲ့သော “ဖႜုံလိက်ထူ့လီ”ခေါ် ပေရေးကရင်စာပေကို ကမ္ဘာ့စာပေ အဆင့်အတန်မှီသည့် စာပေတိုင်း တာမှု မျိုးဖြင့် ဖိတ်ခေါ် နိုင်စွမ်ရှိမည် မဟုတ်သော်လည်း အောက်ပါ အချက်အလက်များ အပေါ် မူတည်ပြီလေ့လာကြည့်ပါက အတော်ပင်ကြွယ်ဝပြီး အဆင့်အတန်းအားဖြင့် မနိမ့်ကျလှသော စာပေတစ်ခုဖြစ်ကြောင်းရိပ်မိနိုင်မည်ဖြစ်သည်ဟု ထင်မိပေသည်။
“ဖႜုံလိက်ထူ့လီ” လေ့လာာရာတွင်--
၁။ ဗျည်း၊ သရ၊ သဒ္ဒါနည်းစသည်တို့၏ ပြည့်စုံမှု ကြွယ်ဝမှုရှိ မရှိ၊
၂။ ၎င်းစာပေ၏ အရေးအသား ကျယ်ပြန့်ကြွယ်ဝမှု ရှိ မရှိ၊
၃။ ၎င်းစာပေဖြင့် လူမူရေး စီးပွါးရေး ဘာသာရေး စသည်ဖြင့် ရေးသားထားခဲ့မှု ရှိ မရှိ၊
၎။ အမျိုးသား၏ ယဉ်ကျေးမှု ဓလေ့ထုံးစံစသည်များကို ထိန်းသိမ်ကွပ်ကဲ နိုင်စွမ်းရှိသည့် စာပေဟုတ် မဟုတ်၊
၅။ အဆင့်အတန်းမြင့်မားသော အခြားစာပေတို့၏ ရေးထုံးအသံထွက်နည်း ရေးဟန်စသည်များနှင့် ယှဉ်နိုင် မယှဉ်နိုင်၊
၆။ ၎င်းစာပေကို ရေးသားအသုံးပြုလာခဲ့ကြသည့် ကာလတို့ကို အကျဉ်းအားဖြင့် လေ့လာကြည့်မြင်ဆိုလျှင်
(၁)အရ ဗျည်းသရများ စုံလင်မှု ရှိ မရှိကို ရှေးဦးစွာ စီစစ်ကြည့်ရန်လိုပေသည်။
ကရင်အမျိုးသားအသံထွက်ဖြင့် ရေးသားရာတွင်၎င်းတို့၏ပြောဆိုရသော ဝေါ်ဟာရအလိုက်ပြည့်စုံသောအသံထွက် ရှိရမည်ဖြစ်သည့်အားလျော်စွာ “ဖႜုံလိက်ထူ့လီ”တွင် ရေးသားထားသော ဗျည်းသရများ လုံလောက်စွာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့ယူငင်သုံးစွဲထားသည့် ဗျည်အရေအတွက်အားဖြင့်(၃၆) လုံးရှိပြီး သရအားဖြင့်(၁၄)ရှိပေသည်။ သရ(၁၄) ယူငင်ရေးသားထားသည်မှာ လိုအပ်သလိုယူငင်ရေးသားရသည်ဖြစ်၍ များစွာစောဒကတက်ဖွယ် ဆိုဖွယ်ရာ မရှိသော် လည်း ဗျည်းလို(၃၆)လုံးမျှ ယူငင်သုံးစွဲထားခြင်းကြောင့် အချို့သောဗျည်းများမှာ လိုအပ်သည်ထက်ပိုမို ယူငင်သုံးစွဲထားသည်ဟု ယူဆဖွယ်ရာရှိနေသည် ကိုတွေ့ရမည်ဖြစ် ပေသည်။ သို့သော ပေစာအရေးအသားများတွင် စိစစ်လေ့လာကြည့်သောအခါ ရှေးလူကြီး သူမတို့ ရေးသားလာခဲ့သော စာပေများတွင် ယခု တွေ့မြင်ရသောဗျည်း(၃၆)လုံးကို သူ့နေရာနှင့်သူအံဝင်ခွင်ကျဖြစ်အောင် သုံးနှုန်းရေးသားထားသည်ကိုတွေ့ရပေသည်။
စင်စစ်ဗျည်(၃၆)လုံးတွင် သူ့အသံထွက်နှင့်သူ ခြားနှားစွာရှိကြပေသည်။ အသံထွက်ခြင်း မတူညီကြပေ၊ အသံထွက်မတူညီကြသည့်အလျှောက် ရေးသားရာတွင် သူ့နေရာနှင့်သူ အံကိုက်အောင် နေရာတကျ သုံးနှုန်းရေးသားထားသည်မှသာလျှင် ဆိုလိုသည့် အဓိပ္ပါယ်သို့ သက်ရောက်နိုင်မည့် စကားလုံးပေါ်ထွက် လာနိုင်မည်ဖြစ်သည်။ သာမာန်ကာလျှံကာ အသံထွက်ရာတွင်စည်းစနစ်မကျတော့ဘဲ ဆိုလိုရင်းအဓိပ္ပါယ်လည်း လွဲချော်တတ်ပေသည်။ ဤသည်များမှာ အဆင့်အတန်းမြင့်မားသောစာပေများ၏ ရေးထုံးအစဉ်အလာ တစ်ရပ်ဖြစ်ပေသည်။ “ဖႜုံလိက်ထူ့လီ”ခေါ် ပေရေးစာပေတွင်ဤ အ စဉ်အလာများကို လိုက်နာသောအားဖြင့် ပြည့်စုံကြွယ်ဝသောဗျည်းများကို အပြည့်အဝ သုံးစွဲရေးသားလာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်၏။
လူမျိုျးတစ်မျိုး၏ သုံးစွဲရေးသားလာကြသောစာပေသည် ၎င်း၏ ဆင်းသက်ပေါ်က် ဖွားလာခဲ့ရာ မူလစာပေ၏ အခြေခိုင်မူ၊ ရှေးကျမူ၊ ခံငြားမူ၊ အဆင့်အတန်းမြင့်မားမူ စသည်များပေါ် အားထားသမှူပြုပြီး ဂုဏ်ယူတတ်ကြစမြဲ ဓမ္မတာပင်ဖြစ်ပေသည်။ ယခုသော် မွန်၊ မြန်မာ စသော စာပေများသည်ရှေးက ဗြဟ္မီ၊ ကုသန၊ ကဒမ္ပ စသောကျော်ကြားသည့် ရှေးဟောင်းစာပေများမှ ဆင်းသက်လာကြောင့် ဂုဏ်ယူတတ်ကြသကဲ့သို့ ဖြစ်လေသည်။ “ဖႜုံလိက်ထူ့လီ” ကရင်စာပေကိုလည်း တကယ်အရင်းအမြစ် ၎င်း၏ ဗျုပ္ပတ်ကိုစီစစ်ကြည့်သောအခါအထက်ဆိုခဲ့သော ဗြဟ္မီ စသည့်စာပေများမှ ဆင်းသက်ခဲ့သော စာပေဖြစ်ကြောင်း ငြင်းနိုင်စရာအ ကြောင်းမရှိပေ ၎င်း၏ ဆင်းသက်လာရာ မူလရေသောက်မြစ်သည် စင်စစ်ဆို ခန့်ငြားပြီး အခြေခံသည် သာဖြစ်ကြောင်း တွေမြင်ရပေသည်။ “သဒ္ဒါနည်းအရ” “ဖႜုံလိက်ထူ့လီ” စာပေလေ့လာ လျှင်လည်း ရေးထုံးသဒ္ဒါနည်းကို တစ်ကျမ်းတစ်ဖွဲ့အနေဖြင့် ရေးသားထားခဲ့သော သဒ္ဒါကျမ်းရှိသည်ဟု မတွေ့ရသေးသော်လည်း မကယ်တမ်း စာပေများတွင်ရှိအပ်သည့် သဒ္ဒါ စစ်တန်းဖြင့် လေ့လာစီစစ်မည်ဆိုလျှင် စည်းစနစ်ကျသော သဒ္ဒါနည်းများဖြင့် အတော်ပင်ပြည့်စုံစွာနှင့် ပြီးဖြစ်သည်ကို တွေ့ရပေမည်။ “ဤနေရာတွင် သဒ္ဒါနည်းဆိုသည့် အဓိပ္ပါယ်ကို အကျယ်ရှင်းရန်လိုမည်မထင်၍ ဤကဲသို့ အရိပ်အမြွက်မျှသာ ရေးသားရခြင်းဖြစ်သည်။
နပါတ်(၂) အရ အရေးအသား ကျယ်ပြန့်ကြွယ်ဝမှု ရှိမရှိဆိုသည့် အချက်နှင့်ပတ် သက်ပြီး လေ့လာကြည့်လျှင် ပထမဦးစွာ ရေးထုံးရေးဟန်၏ ကြွယ်ဝမှုကို လေ့လာရ ပေမည်။ ရေးထုံးရေးဟန်အရ အထက်ကဆိုခဲ့သည့်အတိုင်း သဒ္ဒါနည်းအရရော ကဗျာ၊ လင်္ကာ၊ စကားပြေ၊ အရေးအသားများပါ တော်တော်ပင် ပြည့်စုံကြွယ်ဝစွာ ရေးသားခဲ့ ကြသည်ကို တွေ့ရမည်ဖြစ်၏။ သိရှိသမျှ လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)ခန့်က ရေးသားသည့် ပေစာ များတွင် ကဗျာအရေးအသား ဆန်သောပြဇာတ် “လိက်ဏဲဍံင်” များကိုပင်ရသ မြောက် မျွာ စွာရေးသားဖတ်ရှူ့လာခဲ့ကြောင်းကို သိရှိရပေသည်။ “သို့သော် ထိုစာပေ များမှာ လောကဓံ၏ လှိုင်းချက်ကြောင့် ပျောက်ပျက်ဆုံးပါးရခြေပြီး ၎င်းစာပေများကို ဖတ်ရှူ့လိုက်ရသောသူများ အသက်ရှင်နေသေးသည် ဖြစ်၍သာ ထိုအကြောင်းကို သိရှိခွင့်ရတော့သည်။ ယခုအခါ ဘားအံမြို့တွင် ၎င်းပေမူ “စဝ်ထၞူလာ” စသော ကရင် ရှေးဟောင်းပုံပြင် စသည်များကို ဖတ်ရှူ့လိုက်ရသော အဖိုးအိုများရှိပါသေးသည်။
အခြားသော နီတိကျမ်းများ ပုံပြင်များ ဓလေ့ထုံးစံများ၊ စိတ်ပညာကျမ်းများ၊ ကမ္ဘာဦး အကြောင်းများကို ရေးသားထားသည့်ကျမ်းများ လူဖြစ်စဉ်သမိုင်းကျမ်းများ ရာဇဝင်ကဏ္ဍများ ဆုံးမစကားများ စသည်တို့ကို တခမ်းတနား ရေးသားထားသည့် ပေမူကျမ်းစာများ မြောက်များစွာရှိနေသည်ကို တွေ့ရသောအားဖြင့် ၎င်း“ဖႜှုံလိက်ထူ့လီ”၏ အရေးအသားအတွေးအခေါ်ရေးဟန် လေးနက်ကြွယ်ဝမှုများမှာ အတော်အဆင့် အတန်းမြင့်မားကြောင်း လေ့လာသူတိုင်းပင် တအံ့တသြဖြစ်သွားကြပေသည်။ (အထူးသဖြင့်) “ပရပိုဒ်” ဖြင့်ရေးသားသော အတော်ရှေးကျပြီး အထောက်အထားခိုင်လုံ သည့် ရှေးဗေဒင်ကျမ်းများကိုပင် ရေးသားထားချက်ရှိသည်ကို တွေ့မြင်ရသောအခါ ၎င်း “ဖႜုံလိက်ထူ့လီ”၏ အဆင့်အတန်းကို အထင်မသေးကြတော့ပေ။ အခြားသော ဘာသာရေး သက်ဆိုင်ရာကျမ်းစာများကိုမူ ယခုလက်ရှိ တွေ့မြင်ရသော ပေမူများအရ ကျမ်းစာပေ မပေါင်း(၁၅၀)မျှ ရေးသားထားချက်ရှိပြီးဖြစ်ကြောင်း သိရှိရပေသည်။ ဤသည်များမှာ ယခုအခါ တွေ့မြင်နိုင်သည့်ပေစာများပင်ဖြစ်သည်။ ပျောက်ဆုံးသွားသောပေမူပေါင်း မည်မျှရှိပြီး ချောင်ကြိုချောင်ကြားတွင်သိမ်းဆည်း ထားသည့်ပေမူပေါင်း မည်မျှရှိသေး သည်ကိုမူ သိရှိဟန်ခဲယဉ်နေပေးသေးသည်။
နံပါတ်(၃) အရ စီစစ်ကြည့်လျှင် အထက်ပါရေးသားထားသော ကျမ်းစာများကို လေ့လာကြည့်သောအားဖြင့် သိသာလောက်ပေပြီ၊ ခေတ်မှီရေးသားထားမှုပေမူကျမ်းစာ များ နည်းပါးနေသည်တိုင်အောင် တဖြည်းဖြည်းနှင့် လူမူရေး၊ စီးပွားရေးစသော ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည့် အရေးအသားသို့ရောက်အောင်ဆွဲဆောင်လာလျှက်ရှိနေကြပေပြီ။
နံပါတ်(၄) အရ လေ့လာစီစစ်မည်ဆိုလျှင် “ဖႜုံလိက်ထူ့လီ”ဖြင့် အမျိုးသား၏ ယဉ်ကျေးမှုဓလေ့ထုံးစံ စသည်များကို ထိန်းသိမ်းကွက်ကဲနိုင်မည့် စာပေဟုတ်မဟုတ် ဆိုသည့် အချက်နှင့်ပတ်သက်ပြီး စီစစ်စရာများစွာပင် ရှိနေပေသည်။ ယဉ်ကျေးမှူဆိုသည် မှာ အရာကျယ်ဝန်းလှပေသည်။ ထို့အတူ ယင်းယဥကျေးမှူများကို ကွတ်ကဲ ထိန်းသိမ်းမည် စာပေကို စီစစ်ရန်မှာလည်း အရာကျယ်လှမည်ဖြစ်သည်။ နောက်ဆုံးတွင် “ဖႜုံလိက်ထူ့လီ” ဖြင့် ကရင်အမျိုးသားတို့၏ဂုဏ်ကို ဆောင်နိုင်သော ယဉ်ကျေးမှု၊ ထိန်းသိမ်း ကွတ်ကဲနိုင် မည့်စာပေ ဖြစ်နိုင်မနိုင်ကို သိရှိရန်မှာ ကိုယ်တိုင်ကိုယ်ကျ ယင်းစာပေကိုလေ့လာပြီး တတ်မြောက်ကျွမ်းကျင် လာသောအခါတွင်မှ ဆုံးဖြတ်သတ်မှတ်နိုင်မည် ဖြစ်သည်ဟု ထင်မိပေသည်။
(အချို့က၎င်းစာပေသည် မွန်စာပေနှင့်တူသည်၊ မြန်မာနှင့်မကွဲမပြားဟုဆိုပြီး အထင်မကြီးကြချေး။ သို့သော် တကယ့်ပင် မွန်စာနှင့်တူသလော၊ အသွင်ဟန်တူရုံဖြင့် အထင်သေးစရာဟုဆိုလျှင် အင်္ဂလိပ်စာနှင့် အသွင်တူသော ဂျာမာန်စာကို အထင်ကြီး စရာမရှိတော့ချေ။ တရုတ်စာနှင့်တူသော ဂျုပန်စာကို အထင်သေးစရာ ပင်ဖြစ်တော့သည် သာ) စင်စစ် ဂျာမာန်စာသည် အင်္ဂလိပ်စာ၏ ဩစာခံမဟုတ်သလို ဂျပန်စာသည်လည်း တရုတ်စာ၏ လက်အောက်ခံမဟုတ်ပါပေ။ အခြားသော အသွင်တူပြီး အရည် အချင်းခြား နားသော စာပေမြောက်များစွာရှိသကဲသို့တည်း)
နံပါတ်(၅)အရ အဆင့်အတန်းမြင့်မားသော အခြားသောစာပေတို့နှင့် ယှဉ်နိုင်၊ မယှဉ်နိုင်ကိုမူ အထူးစီစစ်ရန် လိုအပ်သော်လည်း ဤနေရာတွင် အလွန်ကျယ်ဝန်း သွား မည်ဖြစ်၍ အရိပ်အမြွက်လောက်သာ လေ့လာစီစစ်သင့်ပေသည်။ အခြားသော အဆင့် အတန်းမြင့်မားပြီး ကျယ်ဝန်းကြွယ်ဝလှသည့်စာပေများကို ကြည့်လျှင် ရေးသားသည့်ဟန်၊ ရေးသားသည့်အမူအရာများနှင့် ရေးထုံးတို့အလိုက်စာရေးသားသူကို ဥာဏ်ကွန့်မြူးလျှင် ကွန့်မြူးသလောက် စာပေများမှာလည်း အဆင့်အတန်းမြင့် မားလာတော့သည် သာဖြစ် သည်။ “ဖႜုံလိက်ထူ့လိ” တွင်လည်း ရေးသားသောအကြောင်းအရာနှင့် ရေးသားကြ သည့် ဟန့်တို့မှာ တကယ်ပင်လေ့လာလျှင် လေ့လာသလောက် အဆင့်အတန်းမနိမ့်သော စာပေဖြစ်ကြောင်းသိလာရမည်ဖြစ်ပေသည်။ ရေးထုံးသဒ္ဒါနည်းများမှာ အသံအနေအထား သဒ္ဒါနည်းစသည်တို့ကိုအထူးဂရုစိုက်ပြီး သူ့ရေးထုံးနှင့်သူ၊ ခွဲခြားရေးသား တတ်ခြင်း ကြောင့် အချို့နေရာများမှာ ရုတ်တရက်အားဖြင့် ရေးထုံးရှုတ်ထွေးသွားသကဲသို့ ထင်ရ သော်လည်း စင်စစ် သူ့အသံထွက်နှင့်သူ၊ သူ့ရေးထုံးနှင့်သူ၊ ခွဲခြားလို၍သာ ခြားနားသော ရေးထုံး(ဝ) အသံထွက် တူသယောင်နှင့် ရေးထုံးမတူသည့် ရေးနည်းများကို အသုံးပြု ထားကြောင်းတွေ့ရမည်ဖြစ်လေသည်။
ဥပမာအားဖြင့်--ထောဟ်-ငှက်
ထောဝ်- ဝက်
ထောတ်- ခြံစည်းရိုး--ဤကဲသို့ အသံတူမယောင်နှင့် ရေးထုံးကွဲပြီး အဓိပ္ပါယ်ခြားနားသော ရေးထုံးပေါင်းမြောက်များစွာကိုတွေ့ရမည်ဖြစ်ပေသည်။ စင်စစ်ဤကဲသို့ ခွဲခြားရေးသားသည့်အသွင်ထုံးတမ်းမှာ စာလုံးပေါင်းရှုတ် ထွေးများပြား ချက်မျှသာဖြစ်သည်ဟု ထင်မှားစရာရှိသော်လည်း သေချာစွာလေ့လြာ့ကည့်သောအခါ အရေးအသားစာလုံးပေါင်း ကြွယ်ဝမူနှင့် အသံနေအသံထား (အသံထွက်)တို့ကို ဂရုစိုက် ကြောင်းတွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် ဤမျှလေ့လာခြင်းဖြင့် “ဖုံလိက်ထူ့လီ”၏ ရေးထုံးရေးဟန်များမှာ အဆင့်အတန်းမနိမ့်ကြောင်းအမြွက်အားဖြင့်သိသာနိုင်သည်။
နံပါတ်(၆) အရ စီစစ်ကြစို့။ “ဖႜုံလိက်ထူ့လီ” ကိုမည်သည့်ခေတ်ကာလ မည်သူသည်စတင်တည်ထွင်ရေးသာလာခဲ့သနည်း- ဆိုသည့်မေးခွန်းမျိုးကို သိလို သူ တိုင်းက မေးမြန်းသည်သာဖြစ်သည်။ အချို့သောအားဖြင့် စာရေးသားသည့်အသွင် သဏ္ဍန်ကိုကြည့်သောအားဖြင့် မွန်(သို့မဟုတ်) မြန်မာတို့လို မှီငြမ်းပြီး ရေးသားကြောင်း လွယ်ကူစွား ဆုံးဖြတ်ကြမည်သာဖြစ်သည်။ မည့်သည့်ခေတ်ကာလ မည်သူထွင်ခဲ့သနည်း ဆိုသည့်မေးခွန်းနှင့် “ဖႜုံလိက်ထူ့လီ”ကိုရေးသားအသုံးပြုသူတို့သည် မကြာမကြာရင်ဆိုင် ရမည်မှာ မလွဲပေ။ ထိုအခါ သူတို့သည် အဖြေရှာရန်ခက်ခဲသွားတတ်ကြတော့သည်။ ဟုတ်ပေသည် ဤမေးခွန်းမျိုးသည် ဖြေဆိုရန် လွယ်ကူသောမေးခွန်းမျိုးမဟုတ်ပေ။ အကယ်၍သာ လွန်ခဲ့သော နှစ်ပေါင်းမကြာာသေးမှီကမှ တစ်စုံတစ်ဦးက တည်ထွင်ပြီး ၎င်း၏ တီထွင်ရေးသားချက်ကိုမှတ်တမ်းနှင့်ရေးသားထားခဲ့မှုရှိပါက ထိုမေးခွန်းမျိုးကို ဖြေဆိုရန်လွယ်ကူမည်ဖြစ်ပေသည်။ သို့သော် အချို့သော စာပေတို့မှာ ဤကဲ့သို့ မှတ်သား ထားချက် မရှိသည်ကတကြောင်း၊ ကာလအားဖြင့်ကြာငြောင်းခဲ့ပြီးဖြစ်၍ အစရှာရခဲ့ပြီး တိမ်မြုမ်ပျောက်ကွယ်သွားသည်ကတကြောင်း၊ ထို့ကြောင်း အထက်ပါ မေးခွန်းမျိုးကို ဖြေဆိုရခဲ့သည်သာဖြစ်ပေသည်။ ယခုအခါ အထောက်အထားခိုင်လုံပြီး ကျော်ကြား လာသော မွန်စာပေကို မည်သည်ခေတ်ကာလက မည်သူတီထွင်ရေးသားလာခဲ့သည်ကိုပင် မှန်ဆချက်ကလွဲပြီး အဖြေရှာရ ခက်ခဲဆုံးပင်ရှိနေသေးသည်။ ၎င်းနည်းတူ မြန်မာစာတိုက လည်း မွန်စာပေမှတစ်ဆင့် (သို့မဟုတ်) တိုက်ရိုက်ဗြဟ္မီမှ တဆင့်ကူးပြောင်းရေးသားလာ ခဲ့ကြောင်း စသည်များဖြင့်သာ မှန်းဆနိုင်ကြပြီး မည်သူက မည်သည့်ခုနှစ်တွင် စတင်တီ ထွင်ရေးသားလာခဲ့သည် ဆိုသည်ကို အတိအကျရေးသားမှတ်သားလာခဲ့ခြင်းရှိသည်ဟု မသိရသေးပေ။ “ဖႜုံလိက်ထူ့လီ”ကိုလည်း ဤနည်းဖြင့်ပင် ဖြေဆိုရပေမည်။ သို့သော် မွန်စာပေ၊ (သို့မဟုတ်) မြန်မာစာပေတို့နှင့် မြစ်ဖျားခံလာရာ (သို့မဟုတ်) ရေးထုံးကို ကွင်းဆက်မကင်းကြဟုဆိုလျှင် မှားယွင်းမည် မဟုတ်ဟု ထင်ပေသည်။ သို့သော် မည် သည့်ခေတ်က မည်သူတို့သည် ထွင်လာခဲ့သည် ဆိုသည့် အထောက်အထား သေချာ တိကျစွာ မှတ်သားလာခဲ့မှု မရှိခြင်းကြောင့် အဖြေရှာရန် ထုံးစံအတိုင်း ခဲယဉ်းသွားပြန် လေသည်။ တိုင်းတာသိရှိနိုင်ရန်အကြောင်းရှာ၍ မရတော့ပြီလောဟု မေးမြန်း ဘွယ် ရှိပြန်သည်။
အမှန်စင်စစ် “ဖႜုံလိက်ထူ့လီ” ကိုရေးသားအသုံးပြုခဲ့သည့် ခေတ်ကာလကို (အတိအကျ မဟုတ်သော်လည်း) မှန်းချေအားဖြင့် မှန်းဆကြည့်နိုင်ရန်နည်းလမ်းများ ရှိပေသည်။ ဖႜုံလိက်ထူ့လီ”ကိုရေးသားအသုံးပြုသူတို့သည် မိမိတို့ရေးသားသုံးစွဲသည့် စာပေ၏အတိမ်အနက်နှင့် ခေတ်ကာလ မည်မျှကြာငြောင်းခဲ့ပြီး စသည်တို့ကို စီစစ် လေ့လာရန် မျက်ခြေပြတ်ခဲ့သည်မဟုတ်ပေ။ ရှာကြံကြသည်သာဖြစ်သည်။ သူတို့သည် ပေစာများမှ ရေးသားသုံးနှုန်းထားသည့် အချက်အလက်များကိုကြည့်ပြီး မှန်းဆသည့် နည်းဖြင့် အဖြေရှာခဲ့ာကသည်။ ထိုအခါနီးစပ်သော အဖြေကိုရခဲ့ကြည် လေသည်။ မည်သို့နည်း အချို့သောစာပေများမှ ရေးသားသည့် အက္ခရာ၊ ရေးသားသည့် ဟန်၊ ရေးသားသည့် ဝေါဟာရ၊ ရေးသားသည့် အကြောင်းအရာတို့သည် အခြားသော မွန်စာပေ၊ မြန်မာစာပေတို့နှင့် နှိုင်းယှဉ်ကြည့်သောအခါ “ဖႜုံလိက်ထူ့လီ”၏ ရေးသာလာခဲ့ သော ခေတ်ကာလသည် ကြာညောင်းပြီးဖြစ်ကြောင်းသိသာနိုင်တော့သည်။ မွန်ဖြစ်စေ၊ မြန်မာ ဖြစ်စေရေးသားခဲ့သောစာပေတို့သည် တခေတ်နှင့်တခေတ်မတူကြချေ။ ရေးဟန်ပြောင်း လဲလာခဲ့သည်ကို တွေ့ရသည့်နည်းတူ “ဖႜုံလိက်ထူ့လီ”ကိုလည်း သေချာစွာစီစစ်သောအခါ ထိုကဲသို့သောသဘောကိုတွေ့မြင်ရတတ်ပေသည်။ အချို့သောပေစာမျာတွင် အလွန်ရှေး ကျသောအက္ခရာနှင့် အကြောင်းအရာတို့ အသုံးပြုရေးသားထားကြ သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ဖြေးဖြေးခေတ်ကာ လအလျှောက် ရေးထုံးအကြောင်းအရာ ဆိုသည့် ပြောင်းလဲလာခဲ့ကြသည်။ အလွန်နီးကပ်လာသောခေတ၏ အရေးအသားများသည် ပြောင်းလဲလာခဲ့ကြသည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။ နီးကပ်လာပြီဖြစ်သောခေတ်ကာလ၏ အရေးအသား၊ ရေးဟန်၊ ရေးသားသည့် အကြောင်း အရာတို့ကို ကြည့်ပြီးနှစ်ပရိစ္ဆေဒအားဖြင့် မကြာမြင့်သေးဟု ဆုံးဖြတ်ခလျှင် မှန်မည်မဟုတ် ပေ။ အဘယ်ကြောင်းဆိုသော် “ဖႜုံလိက်ထူ့လီ”ဖြင့်နှစ်ပေါင်းမြောက်များစွာက ရေးသားကြ သည့်ရေးဟန်အကြောင်းအရာတို့ဖြင့်ရေးသားထားချက်များကို အချို့သောစာမူများက ရှေးလူကြီသူမတို့ အစဉ်အဆက်သီဆိုလာကြသော ပါးစပ်ရာဇဝင်သဘော၊ ရှေးလင်္ကာကား ---ဍုံသုဝဏဟှာဟှံင်ခါ့၊ ဍုံဖေါဟ်ဍုံလ္ဘီးစာင်းဟှာ၊ မာန်ဒုင်ဍ၀်တႜာအ်ုမတ်၊ လံင့်ကံင်ဖႜုံလိက်ပိဋကတ်၊ ယံင့်ဝဲါဍ၀်ဟှာဟှံင်ပႜ၀်္ဘး၊ ဍေထီဍေဖႜဲာဍေဖေါဟ်မာ့၊ လေ၀်ထင်းဟှာအှ်ဍုံဌာန့်ဝ၊ လေ၀်ထင်းယောဝ်ဆိုင်လိက်ရုက်လး၊ ယွာၟလီၟဆီ့ဟု္ခြြါ႔ထၞာၟ၊ ယောဝ်ဏေ၀်ၟဖူးဏေ၀်ၟခေါဝ်ၟသုဦ့ယွာ၊ စာင်းဟှာဏေ၀်ၟဖႜုံလိက်မူ့လာ၊ အးဆိုဝ်အးဆင့်မိင်လကႜာ၊ ဒဒုက်အးထ၀်္ဘးယှင်ဏါ၊ ဍုံဌာန့်ဝဖိုင်ထံင်ထင်း္ဘါ၊ ပ္တံင်ဍုံဌါန့်အှ်ထာင်သာ့၊ မာလောဟ်ပ၀်ၟအ်ုဆိုဝ်ယှာ၊ လ်ုလင်ထုက်ဏင်ၟဆိုဝ်ဏင်ၟတာ။ ၎င်း၏ အဓိပ္ပါယ်မှာ သုဝဏ မြို့တော် ပျက်စီးစဉ်အခါက မြို့သူမြို့သားတို့ ထွက်ပြေးတိမ်းရှောင် ကြသည့်အထဲတွင် “မန်းဒုံး”ခေါ် ကရင်အမျိုးသားအမတ်တဦးလည်းပါဝင်လာလေသည်။ သူသည်ကရင်ဘာသာဖြင့်ရေးသားပြန်ဆိုထားပြီးဖြစ်သော ပိဋကတ်ကျမ်းစာ များကိုနှစ် မျောလှပြီး အချီးအနှီးပျက်စီးပျောက်ပျက်သွားမည်ကိုစိုးရိမ်သဖြင့် “ဍုံဌါန့်ဝ”ခေါ် (ယိုးဒယားပြည်နယ်စပ်) ဒေသသို့ပြောင်းရွှေ့နေထိုင်တိမ်းရှောင်ခဲ့ကြသည်။ သူသည်ပိဋကတ်ပေစာ (ပေထုတ်) များကို လူပေါင်းလေးဆယ်(၄၀)ဖြင့်ထမ်းစေပြီး ၎င်း၏တပည့်လက်သား၊ သားမယားများကို ခေါ်ဆောင်ကာ ဆင်းရဲပင်ပန်းစွာ ထွက်ခွာပြောင်းရွှေ့သွားကြလေသည်။ သူတို့သည်ဍုံဌါန့်ဝဒေသသို့ရောက်ရှိသွားသောအခါ နေထိုင်ရာ မြို့ရွာတည်ထောင်ပြီး နေထိုင်လာခဲ့ကြသည်။
ထိုအချိန်ကစပြီး၎င်းတို့သည်၎င်းတို့ယူဆောင်လာခဲ့ကြသောပိဋကတ်ကျမ်းစာများကို ကရင်တို့ဘာသာဖြင့် အဆက်ဆက်သင်အံလာခဲ့ကြပါသည်။ ထိုလင်္ကာ၏အဓိပ္ပါယ်ကို ကြည့်သောအားဖြင့် “ဖႜုံလိက်ထူ့လီ” ကိုသထုံခေတ်တွင်လည်း မွန်စာပေတို့နှင့်ခေတ်ပြိုင် ရေးသားနေပြီးဖြစ်ကြောင်းမှန်းဆနိုင်ပေမည်။သထုံပျက်စီးသည်နှစ်မှသက္ကရာဇ်(၄၁၉)နှစ်ဖြစ်၍ ယင်းသက္ကရာဇ်များကို ရှေးရှူထောက်မည်ဆိုလျှင် နှစ်ပေါင်း(၈၀၀)ကျော်(၉၀၀) ခန့် လောက်က “ဖႜုံလိက်ထူ့လီ”ကိုရေးသာရာတွင် အတော်ကျယ်ဝန်းစွာ ရှိနေပြီးဖြစ်လေသည်။
ယင်းအကြောင်းကိုရေးသားမှတ်တမ်းတင်ထားသည့် ပေစားများလည်းလွန်ခဲ့သော ဒုတိယ ကမ္ဘာစစ်တွင် သထုံနယ် ရွာတစ်ရွာမှ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ရသေးပြီး၊ ယင်းပေ စာမှာ မီးထဲပါသွားသည်ဟု သိပြန်သည်။ ၎င်းဆရာတော်မှာ ယခုမော်လမြိုင်မြို့ပြည် ကျောင်းတွင် သီတင်းသုံးနေထိုင်လျှက်ရှိနေပေသေးသည်။ ၎င်းနှင့်ပတ်သက်ပြီး အနီးစပ်ဆုံးအထောက်အထာအနေဖြင့် သက္ကရာဇ်(၁၁၅၁)ခုနှစ် ဒုတိယ အင်းဝခေတ် ကုန်ဆုံးခါနီး အချိန်နှင့်တိုက်ဆိုင်သောကာလတွင် ပေါ်ထွန်းလာသည့်“ဖူ့ကျာ်တာမိတ်”ခေါ် ကရင်အမျိုးသားဗုဒ္ဓဘာသာဘုန်းတော်ကြီး၏ စာပေကိုထောက်ထားပြီး ပြောဆိုတတ်ကြ ပြန်သည်။ သို့သော် တခါပြန်ပြီး လေ့လာသောအခါလွန်ခဲ့သည့် နှစ်ပေါင်း(၃၀၀)ကျော်(၄၀၀)လောက်က “ဖူ့ကျာ်တာမိက်ထက်အရင်) “ဖူ့ယောင့်တာပိုင်”စသောပုဂ္ဂိလ်တို့ ရေးသားသည့် စန္ဒကုမ္မာ “စောထမူလာ”(စဝ်ထၞ့ာလာ) စသောပုံပြင်များကိုတဖန်တွေ့ ရှိရခြင်းအားဖြင့် ထိုစာပေသည် လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀)ကျော် “ဖူ့တာမိုက်” ခေတ်ကပင်မဟုတ်ဘဲ ထိုထက်ရှေးကျသည့်ခေတ်က ရေးသားနှစ်ကြပြီး ဖြစ်ကြောင်း သိလာရပြန်ပေသည်။ တဖန်ပြန်ပြီးလေ့လာစင်စစ်ကြည့်သောအခါ ကရင်အမျိုးသားတို့ သည် ယခုတွေ့မြင်နိုင်သော ကရင်တို့ နေထိုင်ရာဒေသသို့မြောက်ပိုင်းမှနေပြီး ဆင်းသက် လာရောက်နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းရာပေါင်းများစွာကြာညောင်းခဲ့ပြီးဖြစ်ကြောင်း မည်သူမျှမငြင်းဆိုနိုင်ပေ။
(ဗြဟ္မီ) သို့မဟုတ် မွန်ခမာတို့ အရေးအသားသည် မြန်မာပြည်အောက်ပိုင်းဆီသို့ ရောက်လာခဲသည်မှာလည်း ၎င်းနှစ်ပေါင်းထောင်နှစ်ချီပြီးကြာညောင်းခဲ့လေပြီ၊ ၎င်းအရေးအသားတို့သည် ကရင်အမျိုးသားနှင့် စောစွာသောခေတ်ကာလကပင်တွေ့ဆုံ ရင်းနှီးမှုပြုလာခဲ့ကြပြီးဖြစ် ကြောင်းသံသယဖြစ်ဘွယ်မလိုတော့ပေ။ ထိုသို့ဆိုလျှင် ကရင်တို့သည် “ဖႜုံ လိက်ထူ့လီ” အရေးအသားနှင့်တွေ့ဆုံရေးလာသည့်ကာလမှာ မကြာမြင့်သေးဟုဆိုရခဲ့ယဉ်သွားတော့သည်။ ရှေးခေတ်က ရှေးအရေးအသားဖြင့် ရှေးဝေါဟာရ အသုံးအနှုံးများကိုသုံးပြီးရေးသားခဲ့မည်ဖြစ်သောလည်းကာလ၏ ပြောင်းလဲလာမှူ အရေးအသား၏ ပြောင်းလဲလာမှုကြောင့် ယခုမြင်ရသောအခြေသို့တိုင် ရောက်လာခဲ့ဟန်ရှိပေသည်။၎င်းထို အထောက်အထားကိုပြပါဟုဆိုလျှင် ရှေးခေတ်က ကရင်အမျိုးသားတို့၏ ပေါ့လျှော့မှု၊ အမြင်မကျယ်မှူ၊ စည်းလုံးသည့်အင်းအားမရှိမှူ၊ စသောများစွာသောအောကာင်းများကြောင့်ဖြစ်ဟန်တူသည်။ ၎င်းတို့၏ ရှေးကျ သော တိကျသည့် လက်ရာများကိုတွေ့ရန်ခဲယဉ်းသွားပြန်တော့သည်။ ဤသည်များမှာ မိမိ ပေါင်ကို မိမိမြန်လှန်ပြီးထောင်းသည့်သဘော သက်ရောက်သွားနိုင်သော်လည်း ပအိုဝ်၊ တောင်သူတို့ ရှေးဟောင်းစာပေမှ ရေးသားမှတ်ထားသည့် ကရာရာဇဝင်၊ ယိုးဒယား (ဆူခိုထိုင်း) စသောရာဇဝင်မှ ကရင်အကြောင်းရေးသားချက်၊ မွန်ရာဇဝင်များမှ ကရင်အ ကြောင်းများစွာ ရေးသားချက်များကို များစွာတွေ့နိုင်သော်လည်း ကရင်အကြောင်းကို ပြည့်စုံစွာ ရေးသားမှတ်ထားချက်များကိုယခုတိုင်အောင် ကျေနပ်ဘွယ်ရာ ရေးသားချက် မရှိသေးသည်ကိုထောက်သောအားဖြင့် ရှေးခေတ်ကရင်ရော၊ ယခုခေတ်ကရင်များပါ မိမိတို့၏ ပေါ့လျှော့မှု၊ အမြင်မကျယ်မှုကိုပြသလျှက်ရှိသေးကြောင်းထင်ရှားလျှက်ရှိနေေ ပသေးသည်။ ဤအတိုင်းသာ သွားမည်ဆိုလျှင် နောင်နှစ်ရာစုပေါင်းများစွာ ကြာညောင်း သည့်တိုင်အောင် နောင်လာနောက်သားတို့သည် ကရင်အကြောင်းကို အခြားသော စာပေများစွာတွင်သာ ဖတ်ရှူနိုင်မည်ဖြစ်ပြီး ပုံပြင်၊ ဒဏ္ဍာရီသဖွယ် မှတ်တမ်းကြ မည်သာ ဖြစ်လေသည်။ အထက်ပါအကြောင်းပြချက်သည် အရိပ်အမြွက်များသာဖြစ်ပြီး အခြားအ ထောက်အထားရှာစရာ “ဖႜုံလိက်ထူ့လီ” အကြောင်းမြောက် များစွာရှိသေးသော် လည်း ဤမျှ ဆိုထားခြင်းဖြင့် ခေတ်အမြင်ရှိသောသူသည် မှန်းဆနိုင်မည်ဟုယုံကြည်မိပါ
သတည်း။
မာန်းနဲာစံ(ဘားအံ)
၁၉၆၆-ခုနှစဂျူလိုင်လ၊ အိမ်ထောင်ရေးမဂ္ဂဇင်းတွင် ပြန်လည်ဖေါ်ပြလျှက်။်

0 comments:
Post a Comment